Saturday, December 24, 2016

သူတော်ကောင်းဆိုတာ

သူတော်ကောင်းဆိုတာ

" သူတော်ကောင်း " ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ " သပ္ပုရိသ " လို့ ခေါ်တယ်။ " သန္တော ပုရိသော သပ္ပုရိသော " ဆိုတဲ့ အတိုင်း ငြိမ်သက် အေးချမ်းသောသူဟု အဓိပ္ပါယ်ရတယ်။ မြန်မာလို သူတော်ကောင်းဆိုတာ တော်လည်းတော် ကောင်းလည်း ကောင်းတယ်လို့ ဆိုလိုတယ်။

တော်တယ်ဆိုတာ အရည်အချင်း ရှိတာ။ ကောင်းတယ်ဆိုတာ စိတ်ထားကောင်းတာ။ ကိုယ်ကျင့် တရားနဲ့ အသိဥာဏ်ဆိုတဲ့ အရည်အချင်းလည်း ရှိတယ်။စိတ်နေစိတ်ထားလည်း ကောင်းတယ် ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးကို " သူတော်ကောင်း " တဲ့။

တစ်နည်းအားဖြင့် ပြောရရင် " တော် " တယ် ဆိုတာ ပညာအရည် အချင်းကို ပြောတာ။ " ကောင်း " တယ်ဆိုတာအကျင့်စာရိတ္တပိုင်း ဆိုင်ရာ ကောင်းတာကို ပြောတာ။ လူတွေကလူတစ်ယောက်ကို   " လူတော် " လို့ ပြောတာ သူရဲ့ ပညာအရည်အချင်းကို ရည်ညွှန်းပြီး ပြောတာ။ " လူကောင်း " လို့ ပြောတာကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ။ ပညာလည်း တော်တယ်။ ကိုယ်ကျင့်တရားလည်း ကောင်းတယ်ပေါ့။

သို့သော် လူတွေထဲမှာ ပညာတော်တယ်။ကိုယ်ကျင့်တရား မကောင်းဘူး။ ကိုယ်ကျင့်တရား ကောင်းတယ်။ ပညာမတော်ဘူးဆိုသူတွေလည်း ရှိနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ ပညာမတော်ဘူး။ ပညာတော်တယ်။ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင် တစ်ခြမ်းပဲ့နေတယ်။ မပြည့်စုံဘူး။

အဲဒီတော့ ဒီ ( ၂) ခုဟာ လူတစ်ဦးတစ်ယောက် အတွက် အခြေခံအားဖြင့် ရှိရမယ့် အရည်အချင်းဖြစ်တယ်။ ဒီ ( ၂)ခု အောက်လျော့လို့ မဖြစ်ဘူး။ သို့သော် မဖြစ်မနေ တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာ ဖြစ်မယ်။ ကိုယ်ကျင့်တရား ကောင်းဖို့ ပိုပြီး အဓိကကျတယ်။

" သီလမေဝသုတာ သေယျော " တဲ့။ ကိုယ်ကျင့်သီလက အကြားအမြင် ပညာထက် ပိုပြီး ချီးမွမ်းထိုက်တယ်လို့ ဆိုတယ်။ သို့သော် ကိုယ်ကျင့်တရား ကောင်းသော်လည်း အသိပညာ နည်းပါးသူဟာ အများအကျိုးအတွက် လုပ် နိုင်စွမ်း သိပ်မရှိဘူး။ ပညာအရည်အချင်းက တော်ပါရဲ့ ကိုယ်ကျင့်တရားက မကောင်းဘူးဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးက အန္တရာယ်များတဲ့ ပုဂ္ဂိုလ် ဖြစ်လာ တတ်တယ်။ အဲဒါကြောင့် သီလနဲ့ ပညာလို့ဆိုတဲ့ ဒီအရည်အသွေး (၂)မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ ဖြစ်တာပေါ့။

ဒီအရည်အသွေး ( ၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့ မရဘူး။ သီလရှိမှ ပညာ ရှိနိုင်တယ်။ ပညာရှိမှ သီလရှိနိုင်တယ်။ သီလပရိဓောတာ ပညာ - ပညာကို သီလနဲ့ဆေးကြောရတယ်။ ပညာပရိဓောတံ - သီလကို ပညာနဲ့ ဆေးကြောရတယ်။

အေး …… သူတော်ကောင်းဆိုတာ ကိုယ်ကျင့်တရားလို့ ခေါ်တဲ့ သီလလည်းကောင်းတယ်။ ပညာလည်းတော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်။

အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်။ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀)ပါးကို ကျင့်သုံးခြင်းပဲ။ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်။ ကံ ကံ၏ အကျိုးကို သိမြင်တဲ့ ကမ္မဿကထာ သမ္မာဒိဋ္ဌိ ၎င်း သမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ဆိုတဲ့ အသိဥာဏ်မျိုးရှိရင်တော့ " လူတော် " လို့ ပြောရမယ့် အဆင့် ရောက်တယ်။ ဒါ အခြေခံစံအားဖြင့် ဒီလိုသတ်မှတ်တာ။

( ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ )

အဋ္ဌကထာ ဆိုတာဘာလဲ

အဋ္ဌကထာ ဆိုတာဘာလဲ

ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်လူငယ်များသည်ဘာသာရေးအသိအလွန်ပင်အားနည်းလျက်ရှိသည်ကို
 တွေ့နေမြင်နေရပါသည်။အကြောင်းတိုက်ဆိုင်၍ဘာသာရေးအကြောင်းပြောကြရာတွင်"အဋ္ဌကထာ"
ကဒီလိုဖွင့်ပြတယ်၊"အဋ္ဌကထာ"ကဒီလိုဆိုတယ်စသည်အားဖြင့်ရှင်းပြ ပြောဆိုမိတဲ့အခါမှာလူငယ်အများစုမှာ
"အဋ္ဌကထာ"ဆိုတာဘာကိုပြောမှန်းသိနားလည်ကြခြင်းမရှိကြသည်ကို တွေ့ရှိရပါသည်။ထို့ကြောင့်
"အဋ္ဌကထာ"ဆိုသည်မှာအဘယ်နည်းဟုသိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါသည် ။
မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်
အဓိပ္ပာယ်အသိခက်ကွယ်ဝှက်တိမ်မြုပ်နေသည်ကိုသိလွယ်မြင်လွယ်ရန်အနက်အဓိပ္ပာယ်ပေါ်
လွင်အောင်ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။
ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောကသြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကိုယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာသြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော် ဟုခေါ်သည် ။
ဂါထာသက်သက်ဖြင့် ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်သည် ။ ယင်း ဓမ္မပဒပါဠိတော် ဂါထာတစ်ပုဒ်ကို ယူပြီး အဋ္ဌကထာဆရာက " ဇောတိကမထေရ် " စသဖြင့် ၀တ္ထုများကို ရေးသားတော် မူခဲ့ခြင်း ဖြစ်သည် ။
ဤသို့ ရေးသားရာတွင် " ဇောတိကမထေရ် " ၏ ပစ္စုပ္ပန်အကြောင်းအရာ အတ္ထုပတ္တိကိုရော ၊အတိတ်အကြောင်းအရာ အတ္ထုပတ္တိ ကိုပါ ဖော်ပြ ရေးသားခဲ့ရသည် ။
အဋ္ဌကထာ ကား အိန္ဒိယတွင် သင်္ဂါယနာသုံးတန်တင်ခဲ့သော အဋ္ဌကထာ သာသနာသက္ကရာဇ်
(၂၃၅)တတိယသင်္ဂါယနာတင်ပြီးနောက်ကိုးတိုင်း၊ကိုးဌာနသို့သာသနာပြုရဟန်းတော်များကို စေလွှတ်၍ သီဟိုဠ်သို့ သာသနာရောက်ရှိပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော သီဟိုဠ်အဋ္ဌကထာ နှင့် သာသနာသက္ကရာဇ် ( ၉၀၀ ) နှင့် ( ၁၀၀၀ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သောအဋ္ဌကထာသစ်များ ဟူ၍ ရှိသည် ။
တတိယသင်္ဂါယနာ တင်ချိန်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာကို အမြစ်ပါလှန်ရန် ပူးသတ်နေကြသော
အယူဝါဒအများအပြား ပေါ်နေပြီဖြစ်သည် ။ နောက်ပိုင်းတွင် ထေရ၀ါဒသာသနာ အိန္ဒိယမှ ပျောက်ကွယ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေသာ နောက်ပိုင်းတွင်ပြန့်ပွားထွန်းကားလျက် ရှိကြသည် ။ ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေလာ အဆိုများမှာ အမွှမ်းတင်မှု လွန်ကဲသော အကြောင်းအရာ အများအပြားပါဝင်သော စာပေ ဖြစ်သည် ။ သီဟိုဠ်ကျွန်းသို့သာသနာရောက်ပြီးနောက် ထေရ၀ါဒ နှင့်အပြိုင် မဟာယာနဂိုဏ်းများလည်း အစုအဖွဲ့ကြီးမားစွာ ရှိခဲ့သည်ကိုအားလုံး အသိပင် ဖြစ်သည် ။ ထို့ကြောင့် သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာများတွင် ယင်း မဟာယာန တို့၏ လွန်ကဲသောအဆိုအမိန့်များအရိပ်အငွေ့ကင်းနိုင်မည် မဟုတ်ဟု ယူဆနိုင်သည် ။
သာသနာသက္ကရာဇ် ၉၀၀ - ၁၀၀၀ အကြား အေဒီ - ၅ - ရာစုအတွင်း သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာသော ရှင်မဟာဗုဒ္ဓဃောသ ၊ ရှင်ဗုဒ္ဓတ္ထ စသော အဋ္ဌကထာသစ်ကျမ်းပြု အရှင်မြတ်များသည် သီဟိုဠ်တွင်ရှိရင်း အဋ္ဌကထာများကိုပင် အခြေခံ၍ အဋ္ဌကထာသစ်များကို ပြုစုတော်မူခဲ့ရသဖြင့် ယင်းအဋ္ဌကထာသစ်များတွင် ယင်းမဟာယာန တို့၏ လွန်ကဲသော အမွှမ်းတင် အဆိုအမိန့် အရိပ်အငွေ့များလည်း ပါဝင်လာရခြင်း ဖြစ်သည် ဟု ယူဆနိုင်ပြန်သည် ။ ယနေ့ ရဟန်းတော်များ ၊ ဗုဒ္ဓဘာသာဝင်များ အသုံးပြု ကိုးကား နေ
ကြသော အဋ္ဌကထာများမှာ အဋ္ဌကထာသစ်များသာ ဖြစ်ပါသည် ။ ဋီကာ များကား အလွန်နောက်ကျမှပေါ်လာသော ကျမ်းများ ဖြစ်ကြသည် ။
အဋ္ဌကထာသစ်များသီဟိုဠ်ကျွန်းတွင် --
၁ ။ မဟာဝိဟာရ၀ါသီ ( ထေရ၀ါဒ )
၂ ။ အဘယဂီရိဝါသီ ( မဟာယာန )
၃ ။ ဇေတ၀န၀ါသီ ( ဟီနယာန ) ဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲပြားတည်ရှိနေချိန်တွင်
သာသနာနှစ်၉၇၆ ၊ အေဒီ - ၄၄၂ တွင် သီဟိုဠ်သို့ ရောက်ရှိလာသော တရုတ်ရဟန်းတော်အရှင်ဖာဟိယန် သည်အဘယဂီရိဝါသီဂိုဏ်းသို့ကြွ၍ မဟာယာန စာပေများကို ကူးယူပြီး တရုတ်ပြည်သို့ သယ်ဆောင်သွားသကဲ့သို့သာသနာသက္ကရာဇ် - ၉၆၅ - အေဒီ - ၄၂၁ တရုတ်ရဟန်းတော်ဖာဟိယန် ထက်
 ( ၁၁ ) နှစ် စော၍ သီဟိုဠ်သို့
ရောက်ရှိတော်မူလာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မဟာဝိဟာရ၀ါသီဂိုဏ်းသို့ ကြွ၍ထေရ၀ါဒဗုဒ္ဓစာပေများကို ကူးယူပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်တော်မူခဲ့သည် ။
ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်သို့ ရောက်ရှိတော်မူပြီးနောက် ရှေးဦးစွာ သီဟိုဠ်
ဘာသာကို သင်ယူတော်မူခဲ့သည် ။ ၄င်းနောက် သီဟိုဠ်ဘာသာဖြင့် ရှိနေသော ပိဋကစာပေများကို မာဂဓဘာသာဖြင့် ပြန်ဆို ကူးရေးတော်မူသည် ။ သီဟိုဠ်သို့ သာသနာပြု ရှင်မဟိန္ဒမထေရ်မြတ်တို့ သယ်ဆောင်၍သင်ကြားပို့ချခဲ့သော ပိဋကတ်တော်များ ၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော ပိဋကတ်တော်များ သည် မာဂဓဘာသာဖြင့် မှတ်တမ်းပြုစုတည်ရှိခဲ့သော်လည်း နောက်ပိုင်း ဓမ္မကထိကရဟန်းတစ်ပါးက သီဟိုဠ်ဘာသာသို့
ပြောင်းလဲပြန်ဆိုခဲ့သဖြင့် ရှင်မဟာဗုဒ္ဓဃောသသီဟိုဠ်ရောက်ချိန်တွင်ပိဋကတ်တော်များမှာ သီဟိုဠ်ဘာသာဖြင့် ရှိနေခဲ့သည် ။
ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသ သည် ရှေးဦးစွာ သီဟိုဠ်ဘာသာကို သင်ယူပြီး ပါဠိတော်နည်းဖြင့်
ပြန်လည်ကူးရေးတော်မူခဲ့သည် ။ ပါဠိတော်နည်း ဟူသည် မာဂဓဘာသာ ဖြစ်ကြောင်း သာရတ္ထကျမ်းတွင်ဖော်ပြထားသည် ။ သီဟိုဠ်အဋ္ဌကထာကြီးများကို အခြေခံ၍ အဋ္ဌကထာသစ်များကိုလည်း ရေးသားတော်မူခဲ့သည် ။ ရှင်မဟာဗုဒ္ဓဃောသ ရေးသားတော်မူသော အဋ္ဌကထာသစ်များတွင် သီဟိုဠ်အဋ္ဌကထာပါ အဆို
အမိန့်များ အကျုံးဝင်ပြီးဖြစ်၍ သီဟိုဠ်အဋ္ဌကထာများကို ပြန်လည်ကြည့်ရှုရန် မလိုတော့သဖြင့် ရှင်မဟာဗုဒ္ဓဃောသ ၏ အဋ္ဌကထာသစ်များဖြင့် ပါဠိတော်အဖွင့်များ ပြီးပြည့်စုံပြီး ဖြစ်သည် ။
ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် ။ -
( ၁ )ုဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ = နိကာယ်လေးရပ် သုတ္တန္တပိဋက အဖွင့်
( ၂ )သမန္တပါသာဒိကာ အဋ္ဌကထာ = ၀ိနည်း ငါးကျမ်းအဖွင့်
( ၃ )သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ = ဒီဃနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၄ )ပပဉ္စသူဒနီ အဋ္ဌကထာ = မဇ္ဈိမနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၅ )သာရတ္ထပကာသနီ အဋ္ဌကထာ = သံယုတ္တနိကာယ် ပါဠိတော် ငါးကျမ်းအဖွင့်
( ၆ ) မနောရထပူရဏီ အဋ္ဌကထာ = အင်္ဂုတ္တရနိကာယ် ပါဠိတော် ( ၁၁ ) ကျမ်း အဖွင့်
( ၇ )အဌသာလိနီ အဋ္ဌကထာ = အဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော် အဖွင့်
( ၈ )သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ = အဘိဓမ္မာဝိဘင်း ပါဠိတော် အဖွင့်
( ၉ )ပဉ္စပကာရဏ အဋ္ဌကထာ = ကျန်အဘိဓမ္မာ ငါးကျမ်း အဖွင့်
( ၁၀ )ကင်္ခါဝိတရဏီ အဋ္ဌကထာ = ၀ိနယ ပိဋက ဒွေမာတိကာ အဖွင့်
( ၁၁ )ဓမ္မပဒ အဋ္ဌကထာ = ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် အဖွင့်
( ၁၂ )ပရမတ္ထဇောတိကာ အဋ္ဌကထာ = ခုဒ္ဒကပါဌ နှင့် သုတ္တနိပါတ် ပါဠိတော် အဖွင့်
( ၁၃ )ဇာတက အဋ္ဌကထာ = ငါးရာငါးဆယ် ဇာတ်နိပါတ် အဖွင့်ကျမ်းအရေအတွက်အားဖြင့်
( ၆၇ ) ကျမ်းရှိပြီး ဆဋ္ဌသင်္ဂါယနာတင်မူ စာအုပ်အရေအတွက်အားဖြင့် ( ၃၇ ) အုပ် ရှိကြသည် ။ အခြားအဆိုတစ်ရပ်မှာ ပိဋကတ်သမိုင်းလာ အဋ္ဌကထာ ( ၈၅ ) ကျမ်း ရှိသည့်
အနက် --ဒီဃနိကာယ် အဋ္ဌကထာ ( ၃ ) ၊ မဇ္ဈိမနိကာယ် အဋ္ဌကထာ ( ၃ ) ၊ သံယုတ္တနိကာယ် အဋ္ဌကထာ ( ၅ ) ၊အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ( ၁၁ ) ၊ ခုဒ္ဒကနိကာယ် အပါအ၀င် ဇာတ် အဋ္ဌကထာ ( ၃၁ ) ၊ အဘိဓမ္မ အဋ္ဌက-ထာ ( ၇ ) ၊ ၀ိနည်း အဋ္ဌကထာ ( ၅ ) ကျမ်းနှင့် ခုဒ္ဒကပါဋ္ဌ ၊ ဓမ္မပဒ ၊ သုတ္တနိပါတ် ၊ ကင်္ခါဝိတရဏီ ၊ ၀ိသုဒ္ဓီမဂ်အဋ္ဌကထာ ဟူ၍ အဋ္ဌကထာကျမ်းပေါင်း ( ၇၁ ) ကျမ်းကို ရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
ထိုအချိန်က အဋ္ဌကထာကျမ်းသစ်များကို စီရင်တော်မူသော အရှင်မြတ်များမှာ ရှင်မဟာဗုဒ္ဓဃောသ
တစ်ပါးတည်း မဟုတ်ချေ ။ရှင်မဟာဗုဒ္ဓဃောသနှင့်ခေတ်ပြိုင် ရှင်ဗုဒ္ဓတ္ထမထေရ်မြတ်လည်း အဋ္ဌကထာကျမ်းသစ် အနည်းအကျဉ်းကို စီရင်တော်မူခဲ့ပါသေးသည် ။ ရှင်ဗုဒ္ဓတ္ထ စီရင်တော်မူခဲ့သော အဋ္ဌကထာကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည် ။ --
( ၁ )မဓုရတ္ထ၀ိလာသိနီ အဋ္ဌကထာ = ဗုဒ္ဓ၀င် ပါဠိတော် အဖွင့်
( ၂ )၀ိနယ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၃ )ဥတ္တရ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၄ )အဘိဓမ္မာဝတာရ အဋ္ဌကထာ = အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း
( ၅ )ရူပါရူပ၀ိဘာဂ အဋ္ဌကထာ = ရုပ်နာမ်နှစ်ပါးကို ဝေဖန်ပြသောကျမ်း
ကျမ်းအားဖြင့် ( ၁ ) ကျမ်း ၊ အုပ်ရေ ( ၁ ) အုပ် ဖြစ်သည် ။ အခြားအဆိုတစ်ရပ်ကမူ ဤအရှင်သည်
ခုဒ္ဒကနိကာယ် အပါအ၀င် ဗုဒ္ဓ၀င်အဋ္ဌကထာ နှင့် သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့ကို စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
အဋ္ဌကထာသစ်ကျမ်းပြု ခေတ်ပြိုင်သော အရှင်နှစ်ပါး အပြင် ၄င်း အရှင်များနောက်မှ ပေါ်ပေါက်
လာသောအဋ္ဌကထာသစ်ကျမ်းပြုအရှင်မှာ ရှင်ဓမ္မပါလမထေရ်မြတ် ဖြစ်သည် ။ ဤအရှင်ပြုစုတော်မူခဲ့သောအဋ္ဌကထာသစ်မှာ --
၁။ ဥဒါန
၂ ။ က္ကတိဝုတ္တံက
၃ ။ ၀ိမာန၀တ္ထု
၎ ။ ပေတ၀တ္ထု
၅ ။ ထေရဂါထာ
၆ ။ ထေရီဂါထာ
၇ ။ စရိယာပိဋက
၈ ။ နေတ္တိပါဠိတော် အဖွင့် အဋ္ဌကထာများ ဖြစ်သည် ။
၎င်းအားလုံးကို " ပရမတ္ထဒီပနီ " ဟုခေါ်သည် ။ ကျမ်းအားဖြင့် ( ၈ ) ကျမ်း ၊ ဆဋ္ဌမူစာအုပ်ရေး ( ရ )
အုပ် ရှိသည် ။အခြားအရှင်မြတ်များ ပြုစုတော်မူခဲ့သော အခြား အဋ္ဌကထာသစ်များလည်း ရှိသေးသည် ။ ၄င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည် ။
( ၁ )သဒ္ဓမ္မပကာသနီ အဋ္ဌကထာ = ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဖွင့် ။ အရှင်မဟာနာမ ခေါ် အရှင်မဟာဘိဓာနစီရင်တော်မူသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။
( ၂ )သဒ္ဓမ္မပဇ္ဇောတ အဋ္ဌကထာ = စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ပါဠိတော် အဖွင့် ။ အရှင်ဥပသေန ပြုစု စီရင်တော်မူသည် ။ ကျမ်း ( ၂ ) ၊ အုပ်ရေ ( ၁ ) မပြည့် ။
( ၃ ) ၀ိသုဒ္ဒဇန၀ိလာသိနီ အဋ္ဌကထာ = အပါဒါန် ပါဠိတော် အဖွင့် ။ ကျမ်းပြုအရှင် မထင်ရှား ၊ အချို့ကအဘိဓမ္မာ မူလဋီကာ ကျမ်းပြု အရှင်အာနန္ဒာမထေရ် ၏ တပည့် ပြုစုစီရင်တော်မူသည်ဟု ဆိုသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။စုစုပေါင်း အဋ္ဌကထာကျမ်း အရေအတွက် ( ၈၀ ) ဖြစ်ပြီး ဆဋ္ဌမူ အုပ်ရေ ( ၅၁ ) အုပ် ရှိသည် ။သာသနာနှစ် ၁၅ - ရာစုတွင် သီဟိုဠ်တုမူလသောမကျောင်းတွင် သီတင်းသုံးသော အရှင်အနုရုဒ္ဓါမထေရ်မြတ်က အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း ရေးသားတော်မူခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကိုလည်းအဋ္ဌကထာကျမ်းအဖြစ် ရေတွက်ထားသည်။ သေးငယ်သော
ကျမ်းဖြစ်သောကြောင့်"လက်သန်းအဋ္ဌကထာ"ဟုလည်း ခေါ်ဝေါ်လျက်ရှိကြသည် ။
အဋ္ဌကထာ ဆိုသည် အဘယ်နည်းဟု ဖော်ပြရှင်းလင်းပြီးတဲ့အခါ " ဋီကာ " ကျမ်းများကိုလည်း
ချန်ထားခဲ့၍ မရပါ ။ သို့ဖြစ်၍ " ဋီကာ " ဟူသည် အဘယ်နည်းဟု ဆိုသော် --
အဋ္ဌကထာတွင် ဖော်ပြထားသော အနက်အဓိပ္ပာယ်ခက်ဆစ်များကို ထပ်ဆင့်၍ ဖွင့်ပြသောကျမ်းကို
" ဋီကာ " ဟုခေါ်သည် ။ မူလဋီကာ ဖွင့်ပြ ရှင်းလင်းထုတ်ဖော်မှု မပြည့်စုံသေးသဖြင့် ထပ်မံ ဖွင့်ပြသောကျမ်းကို " အနုဋီကာ " ဟုခေါ်သည် ။ အချို့ကို " မဓုဋီကာ " ဟု ခေါ်သည် ။ အချို့ကို ဂဏ္ဌိ ၊ အချို့ကို ယောဇနာဟု 
ခေါ်သည် ။ ဤဋီကာကျမ်းများကား အဋ္ဌကထာ နောက် အချိန်ကာလ များစွာကြာမှ ပေါ်ပေါက်လာခြင်းဖြစ်သည် ။ မြန်မာပြည်ထွက် ဋီကာကျမ်းများလည်း ရှိသည်

Tuesday, November 15, 2016

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး
၁။ ဌာနာဌာန ကောသလ္လဉာဏ်၊ အကြောင်း ဟုတ် မဟုတ် သိသောဉာဏ်၊
၂။ ဝိပါကဉာဏ်၊ ကောင်းကျိုး မကောင်းကျိုးကို သိသောဉာဏ်၊
၃။ သဗ္ဗတ္ထ ဂါမိနီဉာဏ်၊ သတ္တဝါတို့ လားရာသွားရာ ကုန်အောင်အစုံ သိသောဉာဏ်၊
၎။ နာနာဓါတုဉာဏ်၊ အထူးထူးသော ဓါတ်တို့ကို သိသောဉာဏ်၊
၅။ အဓိမုတ္တိဉာဏ်၊ အလိုဆန္ဒအားလုံးကို သိသောဉာဏ်၊
၆။ ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်၊ ဣနြေ္ဒနုရင့်ကို သိသောဉာဏ်၊
၇။ ဈာနာဒိ သံကိလေသဉာဏ်၊ ဈာန်, ဝိမောက္ခ, သမာဓိ ,သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကို သိသောဉာဏ်၊
၈။ ပုဗ္ဗေနိဝါသဉာဏ်၊ ရှေးဖြစ်ဟောင်း ဘဝခန္ဓာစဉ်ကို သိသောဉာဏ်၊
၉။ ဒိဗ္ဗစက္ခုဉာဏ်၊ နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဉာဏ်၊
၁ဝ။ အာသဝက္ခယဉာဏ်၊ အရဟတ္တမဂ်ဉာဏ်။

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး-

သာရိပုတြာ မြတ်စွာဘုရား၏ အားတော်တို့သည် ဆယ်ပါးတို့တည်း၊
မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံသည် ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

အားတော် ဆယ်ပါးတို့ ဟူသည် အဘယ်တို့နည်း ဟူမူ-

၁...
သာရိပုတြာ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်း ဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့်, အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ အကြောင်း ဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့်, အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်း မှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၂...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ် သည့် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့ အားဖြင့် အကြောင်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ သာရိပုတြာ ယင်းသို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက် အပံ့အားဖြင့် အကြောင်း အားဖြင့် ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၃...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ ၏။

၎...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသောဓာတ် အမျိုးမျိုးသော ဓာတ်တို့ ရှိသော လောကကို ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ များပြားသော ဓာတ် အမျိုးမျိုးသော ဓာတ်တို့ ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၅...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ် ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရား စကြာကို လည်စေ၏။

၆...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အယုတ် အမြတ် ဖြစ်သော ပုဂ္ဂိုလ် သတ္တဝါတို့၏ ဣနြေ္ဒ အနု အရင့်ကို ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ အယုတ် အမြတ် ဖြစ်သော ပုဂ္ဂိုလ် သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၇...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ် တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို ဟုတ်တိုင်း မှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၈...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကို လည်း ကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း၊ သုံးဘဝတို့ကို လည်းကောင်း၊ လေးဘဝ တို့ကို လည်းကောင်း၊ ငါးဘဝတို့ကို လည်းကောင်း၊ ဆယ်ဘဝတို့ကို လည်း ကောင်း၊ ဘဝနှစ်ဆယ်တို့ကို လည်းကောင်း၊ ဘဝသုံးဆယ်တို့ကို လည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကို လည်းကောင်း၊ ဘဝ တစ်ရာကို လည်းကောင်း၊ ဘဝတစ်ထောင်ကို လည်းကောင်း၊ ဘဝတစ်သိန်းကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊

ဤမည်သော ဘဝ၌ ''(ငါသည်) ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစား ခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'' ဟု ဤသို့သော အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြား သော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ နိုင်၏။ပ။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ နိုင်ခြင်း သည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကိုစွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၉...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်း မလှသော သတ္တဝါ၊ ကောင်းသော လားရာ ရှိသော သတ္တဝါ၊ မကောင်းသော လားရာ ရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊

ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်၏၊ ''အချင်းတို့ ဤသတ္တဝါတို့ သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယ ဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ စိတ် ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ပေါ် ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိ ကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ် ကုန်၏'' ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာ ရှိသော သတ္တဝါ၊ မကောင်းသော လားရာ ရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သိနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏အားမည်၏၊ ယင်းအား ကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၁၀...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝေါ တရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါတရား ကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ် နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်)ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူ၏။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက် သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍့ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

သာရိပုတြာ မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်ပါးတို့တည်း။
မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊
ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊
မြတ်သော တရားစကြာကို လည်စေ၏။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို ''ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ် ကမ္မပထ) တရား ဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည် ကြံစည် ယူဆလျက် စူးစမ်း လေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏'' ဟု ပြောဆို သော သူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရ လတ္တံ့။ သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ ဤအတူ ထို စကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။

၁၄၈၊ ၁၄၉၊ သီဟနာဒဝဂ်၊ မူလပဏ္ဏာသပါဠိတော်။