Tuesday, November 15, 2016

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး
၁။ ဌာနာဌာန ကောသလ္လဉာဏ်၊ အကြောင်း ဟုတ် မဟုတ် သိသောဉာဏ်၊
၂။ ဝိပါကဉာဏ်၊ ကောင်းကျိုး မကောင်းကျိုးကို သိသောဉာဏ်၊
၃။ သဗ္ဗတ္ထ ဂါမိနီဉာဏ်၊ သတ္တဝါတို့ လားရာသွားရာ ကုန်အောင်အစုံ သိသောဉာဏ်၊
၎။ နာနာဓါတုဉာဏ်၊ အထူးထူးသော ဓါတ်တို့ကို သိသောဉာဏ်၊
၅။ အဓိမုတ္တိဉာဏ်၊ အလိုဆန္ဒအားလုံးကို သိသောဉာဏ်၊
၆။ ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်၊ ဣနြေ္ဒနုရင့်ကို သိသောဉာဏ်၊
၇။ ဈာနာဒိ သံကိလေသဉာဏ်၊ ဈာန်, ဝိမောက္ခ, သမာဓိ ,သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကို သိသောဉာဏ်၊
၈။ ပုဗ္ဗေနိဝါသဉာဏ်၊ ရှေးဖြစ်ဟောင်း ဘဝခန္ဓာစဉ်ကို သိသောဉာဏ်၊
၉။ ဒိဗ္ဗစက္ခုဉာဏ်၊ နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဉာဏ်၊
၁ဝ။ အာသဝက္ခယဉာဏ်၊ အရဟတ္တမဂ်ဉာဏ်။

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး-

သာရိပုတြာ မြတ်စွာဘုရား၏ အားတော်တို့သည် ဆယ်ပါးတို့တည်း၊
မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံသည် ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

အားတော် ဆယ်ပါးတို့ ဟူသည် အဘယ်တို့နည်း ဟူမူ-

၁...
သာရိပုတြာ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်း ဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့်, အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ အကြောင်း ဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့်, အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်း မှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၂...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ် သည့် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့ အားဖြင့် အကြောင်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ သာရိပုတြာ ယင်းသို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်၍ ပြုအပ်သော ကံတို့၏ အကျိုးကို အထောက် အပံ့အားဖြင့် အကြောင်း အားဖြင့် ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၃...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ ၏။

၎...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသောဓာတ် အမျိုးမျိုးသော ဓာတ်တို့ ရှိသော လောကကို ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ များပြားသော ဓာတ် အမျိုးမျိုးသော ဓာတ်တို့ ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၅...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ သာရိပုတြာ ယင်းသို့ သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ် ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရား စကြာကို လည်စေ၏။

၆...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အယုတ် အမြတ် ဖြစ်သော ပုဂ္ဂိုလ် သတ္တဝါတို့၏ ဣနြေ္ဒ အနု အရင့်ကို ဟုတ်တိုင်း မှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ အယုတ် အမြတ် ဖြစ်သော ပုဂ္ဂိုလ် သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဟုတ်တိုင်းမှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၇...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ် တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ သာရိပုတြာ ယင်းသို့ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို ဟုတ်တိုင်း မှန်စွာ မြတ်စွာဘုရား၏ ခွဲခြား၍ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၈...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကို လည်း ကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း၊ သုံးဘဝတို့ကို လည်းကောင်း၊ လေးဘဝ တို့ကို လည်းကောင်း၊ ငါးဘဝတို့ကို လည်းကောင်း၊ ဆယ်ဘဝတို့ကို လည်း ကောင်း၊ ဘဝနှစ်ဆယ်တို့ကို လည်းကောင်း၊ ဘဝသုံးဆယ်တို့ကို လည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကို လည်းကောင်း၊ ဘဝ တစ်ရာကို လည်းကောင်း၊ ဘဝတစ်ထောင်ကို လည်းကောင်း၊ ဘဝတစ်သိန်းကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊

ဤမည်သော ဘဝ၌ ''(ငါသည်) ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစား ခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'' ဟု ဤသို့သော အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြား သော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ နိုင်၏။ပ။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ နိုင်ခြင်း သည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကိုစွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၉...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်း မလှသော သတ္တဝါ၊ ကောင်းသော လားရာ ရှိသော သတ္တဝါ၊ မကောင်းသော လားရာ ရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊

ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်၏၊ ''အချင်းတို့ ဤသတ္တဝါတို့ သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယ ဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ စိတ် ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ပေါ် ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံ ကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိ ကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ် ကုန်၏'' ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာ ရှိသော သတ္တဝါ၊ မကောင်းသော လားရာ ရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သိနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏အားမည်၏၊ ယင်းအား ကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

၁၀...
သာရိပုတြာ ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝေါ တရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါတရား ကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ် နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်)ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူ၏။ သာရိပုတြာ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက် သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍့ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

သာရိပုတြာ မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်ပါးတို့တည်း။
မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊
ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊
မြတ်သော တရားစကြာကို လည်စေ၏။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို ''ရဟန်းဂေါတမအား လူတို့၏ (ကုသိုလ် ကမ္မပထ) တရား ဆယ်ပါးထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူး မရှိ၊ ရဟန်းဂေါတမသည် ကြံစည် ယူဆလျက် စူးစမ်း လေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏'' ဟု ပြောဆို သော သူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရ လတ္တံ့။ သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာသကဲ့သို့ ဤအတူ ထို စကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။

၁၄၈၊ ၁၄၉၊ သီဟနာဒဝဂ်၊ မူလပဏ္ဏာသပါဠိတော်။

ဆဋ္ဌသင်္ဂါယနာ

ဆဋ္ဌသင်္ဂါယနာ
သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ" သီဟိုဠ်(သီရိလင်္ကာ)" ထိုင်း(ယိုးဒယား) '' လာအို(လော)" ကမ္ဘောဒီးယား" ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက " အဋ္ဌကထာကျမ်းများ'' ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်းတည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း)မြန်မာနိုင်ငံမှ
ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ်(ပထမဆုံး- '' တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။ ဆဌမသင်္ဂါယနာတင် တရားတော်များကို ရိုသေစွာတရားနာယူခြင်းဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ

ပဉ္စမသင်္ဂါယနာ

ပဉ္စမသင်္ဂါယနာ
သာသနာနှစ်-၂၄၁၅(အေဘီ-၁၈၇၁)သို့ရောက်သော်၊ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု-ဘွဲ့တံဆိပ်တော်ရ)အမှူးရှိသောသံဃာတော် ၂၄၀၀-တို့သည် မင်းတုန်းမင်းတရားကြီး၏ ပံပိုးကူညီမူဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို (ပဉ္စမအကြိမ်) ကျင်းပပြုလုပ်ပြီးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့် ပိဋကတ်တော်များကို  အရျည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင် အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတွင်)စေခဲ့ရာ၊ ၇-နှစ်ခွဲမျှကြာမှ ပြီးစီးသွားခဲ့ပေ၏

စတုတ္ထသင်္ဂါယနာတင်ရခြင်း

စတုတ္ထသင်္ဂါယနာတင်ရခြင်း
ဤဆိုခဲ့ပြီးသော ဆရာ၊တပည့်စဉ်ဆက်ရှိလေသော် ထိုဆရာစဉ်တပည့်တို့ လက်ထက်တော်၌ ပိဋကတ်တော်များကို နှုတ်ကပတ်တော်၌သာထားတော်မူလေသည်။အပြည့်အစုံရေးသားမထားကြပေ။ အကြောင်းထူးကားနှုတ်တွင်သာထားတော်မူကြလေသဖြင့် အလွန်ငြိုငြင်ခက်ခဲသောအမှုကိုပြုလာခဲ့ကြရာ  သီဟိုဠ်ကျွန်း၌ ပြည်ရွာကို လုယက်သော စဏ္ဍာလတိဿ မည်သော ဒွန်းစဏ္ဍား သူဖုန်းစား ဘေးဖြစ်သောအခါ မိုးကောင်းစွာမရွာ ၊ မလုပ်ဆောင်ရ၍ ငတ်မွတ်ကြလေသော် သိကြားမင်း လာပြီး အရှင်ဘုရားတို့ ပိဋကတ်တော်ကိုမဆောင်နိုင်ကြကုန်သော် ဖောင်စီး၍ ဖောင်မဆံ့လျှင် သစ်တုံး၊၀ါးလုံးတို့ကိုဖတ်ပြီးဟိုဘက်ကမ်းကို ကူးပါကုန်ကျွနှ်ပ်စောင့်ရှောက်ပါအံ့ ဟုပြောသဖြင့်  ( ဇမ္ဗူဒိတ် သို့သွားခိုင်းခြင်းဖြစ်လေသည်။) သမုဒ္ဒရာနားသို့ရောက်မှ မကူးလို၍ ဤတွင်သာ ပိဋကတ်တော်ကို စောင့်ရှောက်ကြကုန်ဟု ကတိက၀တ်ပြုလျက် သီဟိုဠ်ကျွန်း အစိတ်မလယ ဇနပုဒ် သို့သွားကြလေသည်။ သစ်ဖု ၊ သစ်ဥ ၊သစ်ရွက် စသည်တို့ကိုသာမျှတစေလျက်ပိဋကတ်စာပေ များကို သရဇ္ဈာယ်ကြလေသည်။ဆာလောင်ခြင်းပြင်းပြ၍ မသရဇ္ဈာယ်နိုင်သောအခါ သဲကိုဝမ်းအောက်တွင်စုပုံ ကာထားပြီးတစ်ခုတည်းသောအရပ်၌ ဦးခေါင်းချင်းဆိုင်ကုန်လျက် ပိဋကတ်စာပေတို့ကို စိတ်ဖြင့်ဆင်ချင်ကြကုန်လေသည်။ ဤသို့တိုင်တစ်ဆယ့်နှစ်နှစ်တိုင်အောင် အဠကထာနှင်တကွ ပိဋကတ်သုံးပုံကို အကွယ်ရလေအောင် ဆောင်ရွက်တော်မူလာကြလေသည်။ ဒွန်းစဏ္ဍားသူဖုန်းစားဘေး ကုန်လွန်လေသော် သီဟိုဠ်ကျွန်း ၊ အစိတ်ကလ္လာရာမဇနပုဒ် ၊ မဏ္ဍလာရာမ ကျောင်းသို့ရောက်ကုန်လေ၏။ ကျန်ရှိသောရဟန်းတော်များမှာ ခြောက်ကျိတ်မျှသာဖြစ်ကြောင်းတည်း။ထိုခေတ်မဟာဝင်ကျမ်း၌လာသည်မှာ သာသနာတော်နှစ် ၄၅၀ ရောက် သီဟိုဠ်မင်းဆက် ၁၈ ဆက် သဒ္ဓါတိဿမင်းသား ၀ဋ္ဋဂါမင်းနန်းစံသက်ခြောက်နှစ်မြောက် တွင်နောင်သောအခါ မုခပဌ်တော်ဖြင့်မဆောင် ရွက်နိုင်တော်မူသည်ကို မြင်တော်မူ၍ ယခင်ဆရာစဉ်ဆက်မှလာသောရဟန္တာကြီးငါးရာတို့သည် ထိုမင်းလက်ထက်အစောင့်အရှောက်ပြုသည်ဖြစ်၍ သီဟိုဠ်ကျွန်း ၊ အစိတ်မလယဇနပုဒ် ၊အာလောက မည်သော လိုဏ်၌ အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိုပေထက်ရေးသားတင်ထားလေသည်

တတိယသင်္ဂါယနာတင်ခြင်း

တတိယသင်္ဂါယနာတင်ခြင်း
ဘုရားပရိနိဗ္ဗာန်စံတော်မူသည်နောက်နှစ်ပေါင်း ၂၃၅ နှစ်ရောက်သောအခါ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကို အမှီပြု၍ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသော ရဟန္တာတစ်ထောင်တို့သည် တတိယသင်္ဂါယနာတင်တော်မူကြကုန်လေသည်။အကြောင်းထူးကား - နောင်သောအခါကား  ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်း လက်ထက် အရှင်နိဂြောဓသာမဏေ ကို အရင်းစွဲ၍ သာသနာတော်၌ကြည်ညိုသဖြင့် ရဟန်းသံဃာတို့အား လာဘသက္ကာရများပြားသည်တွင် တိတ္ထိခြောက်သောင်းတို့ သည်လာဘသက္ကာရကိုငဲ့သဖြင့် ရဟန်းဘောင်ဝင်၍ ဥပုသ်၊ပ၀ါရဏာ၊ကံကြီး၊ကံငယ၌ ၀င်လေသည်။ထိုသို့မစဉ်ကြယ်သောကြောင့် ရဟန်းသံဃာတို့သည် ဥပုသ်မပြုကြကုန်။ သာသနာတော်၌အညစ်အကြေး ဆူးငြောင့်ဘေးရန်များသောကြောင့် ခုနှစ်နှစ်တိုင်အောင် ဥပုသ် ပြတ်ကြလေသည်။ ထိုအကြောင်းကို သိရီဓမ္မာသောကမင်းကြားသိ၍  အဓိကရုဏ်းကို ငြိမ်းစေ ၊ ဥပုသ်ပြုစေ ခြင်းငှာ မင်းခြင်းအမတ်တစ်ယောက်ကို စေလိုက်သော် သတ်စေဟုဆိုသည့်အထင်နှင့်ဥပုသ်မပြုသော ဓမ္မ၀ါဒီရဟန်းများကိုသတ်မိလေသည်။၎င်းအကြောင်းကိုသီရိဓမ္မာသောကမင်းသိလျှင် ငါမသတ်စေပဲ အမတ်သတ်၍ သေလေသဖြင့် ငါ့အား မကောင်းမှု မှလွတ်လော၊မလွတ်လောယုံမှားရှိလေသဖြင့် ဂင်္ဂါအညာမှ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အားမေးလျှောက်လေသည်တွင် လွတ်ကြောင်းကို ဖြေတော်မူပြီး ဒီပကတိတ္ထိရဇာတ်ဖြင့် ဟောပြောတရားပြကာ တိတ္ထိတို့အယူနှင့် ဓမ္မ၀ါဒီ အယူဝါဒနှစ်မျိုးလုံးကို ခိုင်းနှိုင်းလျက် သိရီဓမ္မာသောကမင်းအားရှင်းပြသည်တွင် မင်းကြီးနားလည်၍ ခြောက်သောင်းမျှသော တိတ္ထိတို့ကို နှင်ထုတ်စေပြီးမှ ရဟန်းတော်ခြောက်သိန်းနှင့်တကွ ဥပုသ်တော်ပြုကြသည်။မြတ်ဘုရားဗျာဒိတ်တော်နှင့်အညီ ကထာဝတ္ထုကိုလည်းဆက်လက်၍ဟောကြားတော်မူလေသည်။ ထိုနောက်မှ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းအားအမှီပြု၍ အသောကရုံကျောင်းတော်၌ ရဟန္တာကြီးတစ်ထောင် စည်းဝေး၍ ကိုးလပတ်လုံး သင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သီရိဓမ္မာသောကမင်း နန်းစံသက် တစ်ဆယ့်ရှစ်နှစ် ၊ ကျွနှ်ပ်တို့မြန်မာတိုင်း သရေခေတ္တရာ ရသေ့ပြည်တွင်း၌ ရန်ပေါင်မင်း နန်းစံသက် ၂၁ နှစ်ပေတည်း။တတိယသင်္ဂါယနာတင်တော်မူပြီးနောက် နောင်အခါဘယ်အရပ်၌ သာသနာတော်မြတ်ကောင်းစွာ တည်တံ့နိုင်မည်ကို အရှင်မောဂ္ဂလိပုတ္တတဿမထေရ်  ဆင်ခြင်တော်မူလေသော် ပစ္စန္တရာဇ်တိုင်းတို့၌ ကောင်းစွာတည်နိုင်တော်မူသည်ကို မြင်တော်မူ၍ ကိုးတိုင်းကိုးဌာနသို့ရဟန်းတော် အသီးသီးအား သာသနာပြုစေတော်မူလေသည်

ဒုတိယသင်္ဂါယနာတင်ရခြင်း

ဒုတိယသင်္ဂါယနာတင်ရခြင်း
အနှစ်တစ်ရာတိုင်အောင်ရောက်သည့်ကာလ ဝေသာလီပြည် ကာလာသောကမင်းကို အမှီပြု၍ ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။ အကြောင်းထူးကား -  ပထမသင်္ဂါယနာတင်ပြီးနောက် ပရိနိဗ္ဗာန်လားတော်မူသည်က နှစ်တစ်ရာတိုင်ရောက်အောင် ပထမသင်္ဂါယနာတင်တိုင်ငြိမ်ဝပ်စွာ ဆရာစဉ်ဆက် မပျက်မစီး ကျင့်ဆောင်တော်မူကုန်သည်။ထိုမှနောက် ဝေသာလီပြည် ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်ဝိနည်းတရားနှင့် မညီသော အဓမ္မ၀တ္ထု ဆယ်ပါးကို ပြသ ကျင့်ဆောင်ကုန်၍ သာသနာ၌ ဘေးရန်ကြီးစွာဖြစ်ရလေ၏။ အဓမ္မ၀တ္ထု ဆယ်ပါးဟုသည်ကား - ၁။ သားချိုဖြင့် ဆားကိုဆောင်၍ ဆားမရှိသော ဆွမ်းနှင့်စားလျှင် သန္နိဓိ မဖြစ် ဟု ယူသည်လည်းတစ်ပါး ၊ ၂။ မွန်းလွဲ၍ အရိပ်လက် ၂ သစ် ထွက်အောင် ပင်စားသောလည်း ၀ိကာလဘောဇနာ မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၃။ တစ်ရပ်တစ်ရွာသို့ သွားလို၍ ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်းသည်လည်းတစ်ပါး၊၄။ တစ်သိမ်တည်းတွင် တစ်ကျောင်းတခြားစီ သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၅။ ဆရာ ဥပဇ္ဈာယ် ကိုအလေ့အကျင့်ဖြစ်က အပ်တော့သည်သာ ဟု ယူသည်လည်းတစ်ပါး။ ၆။ မလာသေးပဲ လာမှ ဆန္ဒယူအံ့ ဟုရှေးဦးက သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၇။ နို့မဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်း အဖြစ်သို့လည်းမရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊၈။ သေရည်အဖြစ်သို့ စဉ်စစ်မရောက်သေးသော သေနုကို သောက်အပ်၏ ဟု  ယူသည်လည်းတစ်ပါး၊ ၉။ အစာမရှိသော နိသီဒိုင်ကို သုံဆောင်ကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊ ၁၀။ ရွှေ ၊ ငွေ ကိုခံကောင်း၏ ဟု ယူသည်လည်းတစ်ပါး ။ ထိုအကြောင်းကို  အရှင်မဟာယသထေရ် ကြားသိ၍ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမီ အစရှိသော ရဟန္တာကြီး ခုနှစ်ရာတို့ကို ဆော်နှိုးစည်းဝေးပြီးလျှင် သင်္ဂါယနာတင်အံ့ဟု ဝေသာလီပြည် ၀ါလိကာရုံကျောင်းသို့ကြွတော်မူလေသည်။ထိုကျောင်း၌ပင် အရှင်မဟာသယ စသောရဟန္တာကြီးခုနှစ်ရာတို့လည်း ကာလာသောကမင်းကို အမှီပြု၍  ၀ဇ္ဇီတိုင်းသား ရဟန်းများတို့ပြဆောင်သော အဓမ္မ၀တ္ထုဆယ်ပါးကို ပယ်ဖျောက်လျက် ရှစ်လပတ်လုံး ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။  ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ အရှင်မဟာယသ သည် အရှင်အာနန္ဒာနှင့်  အတူနေတပည့်ရင်းပေတည်း