စစ်အင်္ဂါ ၄-ပါး။ ။ ဤ၌ ကြည်းတပ်မတော်အတွက်သာ မှတ်လေ၊ ၀ိနည်းပါဠိတော်လာ ရှေးခေတ်တပ်စု။
(၁) ဟတ္ထိ- ဆင်တပ်၊
(၂) အဿ- မြင်းတပ်၊
(၃) ရထ- ရထားတပ်၊
(၄) ပတ္တိက- ခြေသည်တပ်။
စစ်အင်္ဂါ ၆-ပါး၊ တနည်း။ ။ စစ်တပ်၏ အစိတ်အပိုင်းအင်္ဂါရပ်များကား။ ယခုခေတ် ၆-ပါးဖြင့် ရေတွက်ကြကုန်၏။ (၁) ဆင်စီးတပ်၊
(၂) မြင်းစီးတပ်၊
(၃) ရထားစီးတပ်၊
(၄) ခြေသည်တပ်၊
(၅) ရေယာဉ်တပ်၊
(၆) လေယာဉ်တပ်။
စစ်အင်္ဂါ ၈-ပါး၊ တနည်း။ ။ ယောဓဗျူဟာကျမ်းလာဖြစ်၏။ ၎င်းင်းရှစ်ပါးနှင့်ပြည့်စုံမှ တိုင်းပြည်ကျယ်ပြန့်နိုင်သည်၊ ၁ ယောဓ မဏိ- စစ်၏ဥက္ခောင်း မကိုဋ်ခေါ် "ဗိုလ်ချုပ်"စစ်သူကြီးချုပ်၊
၂ ယောဓက္ခိ- စစ်မျက်စိခေါ် ဟူးရား ဗေဒင်တတ်သူ၊
၃ ယောဓကဏ္ဏ- စစ်နားခေါ် သူလျှိုစုံထောက် ကင်းတို ကင်းရှည်၊
၎ ယောဓဗလ- စစ်အားခေါ် ဗိုလ်ကြီး ဗိုလ်မှူး တပ်မင်းစသည်၊
၅ ယောဓာနန- စစ်ခံတွင်းခေါ် လိမ္မာသော တမန် ဆက်သား၊
၆ ယောဓ စရဏ- စစ်ခြေခေါ် တပ်သားစုများ၊
၇ ယောဓဒါဌ- စစ်အစွယ်ခေါ် သူရဲကောင်းကြီးများ၊
၈ ယောဓါယု- စစ်၏အသက်ခေါ် စားနပ်ရိက္ခာ ခဲယမ်း လက်နက် ယာဉ် ရထား ဆေးဝါးနှင့် ဆရာများ။
စစ်အောင်နိုင်ရာ ၁၂-ဖြာ၊ ကြောင်းမှာအဘယ်နည်း။ ။ ရာဇသေ၀က ဒီပနီကျမ်းလာ။
၁ စစ်တက်ဖြန့်ချီ စီစဉ်မှု၌ လိမ္မာခြင်းကြောင့်အောင်နိုင်ခြင်း၊
၂ မင်းနှင့်အမတ် စည်းလုံးညီညွတ်ခြင်းကြောင့်လည်းကောင်း၊
၃ စစ်ကူ ရိက္ခာမပြတ်သောကြောင့်လည်းကောင်း၊
၎ သေနာပတိချုပ် ခန့်ထားစီရင်တိုင်း ရဲမက်ဗိုလ်ပါတို့ မဆိုင်းလိုက်နာ သောကြောင့်လည်းကောင်း၊
၅ သူရဲကောင်းများသဖြင့်လည်းကောင်း၊
၆ ယတြာမန္တန်ပြုစီရင်သဖြင့်လည်းကောင်း၊
၇ ဇာတာစန်းလဂ် တက်သဖြင့်လည်းကောင်း၊
၈ စားနပ်ရိက္ခာ ပြည့်စုံပိုလျှံမှုကြောင့်လည်းကောင်း၊
၉ တိုင်းနိုင်ငံတော်အတွင်း အနာရောဂါကင်းသဖြင့်လည်းကောင်း၊
၁၀ သူလျှိုစေ၍ သူ့ပြည်တွင်းရေးရှုပ်ထွေးကွဲပြားစေသဖြင့်လည်းကောင်း၊
၁၁ ဗလိနတ်စာ ပူဇော်ပသသောကြောင့်လည်းကောင်း၊
၁၂ ဆင်မြင်း ရထားယာဉ်တပ် လက်နက်ကောင်းများရှိသဖြင့် အောင်နိုင်ခြင်း။
စစ်ကပ်ခြင်းမျိုး ၂-ပါး။ ။
၁ စန္ဒကဗျူဟာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့၊ မင်း စစ်သူကြီးကို အလယ်ကထား၍ ကပ်ခြင်း၊
၂ ပဘင်္ကရဗျူဟာ- နေမင်းကဲ့သို့ ကြယ်နက္ခတ်မရံဘဲမင်း စစ်သူကြီးတို့ ရှေ့တည်၍ကပ်ခြင်း။
စစ်ခံခြင်းနည်း ၆-မျိုး။ ။ သူထိုးလာသောစစ်ကိုကြည့်၍ သင့်သလိုခံတိုက်ရမည်ဟု လောကဗျူဟာကျမ်း၌ပြ၏။
၁ နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
၂ ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
၎ မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
၅ စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
၆ ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။
စစ်ချီစစ်ရေး ပြနည်းမျိုး ၄-ပါး။ ။
၁ သမကဒဏ္ဍဗျူဟာ- ရှားလှင်ကန်ကဲ့သို့ အစီအရီ စစ်ဖျား စစ်ရင်းတညီတည်း တန်းခွဲတန်းပြောင်းပြု၍ချီခြင်း၊
၂ ပါသာဒိကဗျူဟာ- ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊
၃ စင်္ကောဋက ဗျူဟာ- ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊
၎ ဒိင်္ဂဗျူဟာ- မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။
စစ်ဆင်စစ်တိုက်နည်း ၃-ပါး။ ။ ဇာတက အဋ္ဌကထာ ဒု-အုပ်။ ၃၆၃။ စစ်တက်စစ်ချီ စစ်ရေးခင်းနည်း ၃-ပါး။
၁ ပဒုမဗျူဟာ- ပဒုမ္မာကြာပွင့်ချပ်ကဲ့သို့ အထပ်ထပ်လှည့်၍စစ်ဆင်ခြင်း၊
၂ စက္က ဗျူဟာ- စက်ဝန်း စက်ဝိုင်းလချမ်း ပ, စောက် သဏ္ဌာန်ကဲ့သို့စစ်ဆင်ခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ အလယ်ရှူး၍ ၀ဲ, ယာတောင်ပံဖြန့်ကာ စစ်ဆင်ခြင်း။
စစ်ဆင်စစ်ထိုးနည်း ၆-မျိုး၊ တနည်း။ ။ လောကဗျူဟာကျမ်းမှာ အကျယ်ရှု။
၁ ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
၂ ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲစစ်ထိုးနည်း၊
၃ ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
၎ ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
၅ မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
၆ ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။
စစ်ဆင် စစ်ထိုး၊ ၂၉- အမျိုးခြား၍သိ။ ။ အဓိပ္ပါယ်နှင့်အကျယ်ကို လောကဗျူဟာကျမ်းနှင့် ဗျူဟာ စက္ကီပျို့၌ရှုပါကုန်။
မဏ္ဍုဗျူဟာ၊
သပ္ပဗျူဟာ၊
ဥပါယဗျူဟာ၊
ဣတ္ထိယဗျူဟာ၊
သုဝဗျူဟာ၊
မေဃဗျူဟာ၊
ပတ္တဗျူဟာ၊
ဝိဒ္ဓ ဗျူဟာ၊
ဒါရက ဗျူဟာ၊
ပဒုမ ဗျူဟာ၊ (၁၀)
မဓု ဗျူဟာ၊
ဘေရီ ဗျူဟာ၊
ကီဋက ဗျူဟာ၊
ရုက္ခ ဗျူဟာ၊
ဥဂ္ဂတ ဗျူဟာ၊
အဂ္ဂိ ဗျူဟာ၊
ကာက ဗျူဟာ၊
ဗျဂ္ဃ ဗျူဟာ၊
မက္ကဋ ဗျူဟာ၊
စိရ ဗျူဟာ၊ (၂၀)။
ဟာသ ဗျူဟာ၊
သသ ဗျူဟာ၊
ဥဒက ဗျူဟာ၊
စန္ဒ ဗျူဟာ၊
သူရိယ ဗျူဟာ၊
ဓည ဗျူဟာ၊
ယက္ခ ဗျူဟာ၊
နိဂြောဓ ဗျူဟာ၊
သဒ္ဓိ ဗျူဟာ၊ (၂၉)။
စစ်ဆုတ် စစ်ပြန်နည်း ၆-ပါး။ ။
(၁) အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ဆုတ်ပြန်ခြင်း၊
(၂) အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
(၃) သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
(၄) သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
(၅) မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
(၆) စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။
စစ်တပ်ကြီးမျိုး ၄-ပါး။ ။ ယခုခေတ် စစ်တပ်မျိုးများဖြစ်သည်။
(၁) ကုန်းတပ်- စစ်အင်္ဂါလေးပါးလုံးစုံသောတပ်မတော်ကြီးမျိုး၊
(၂) ရေတပ်- လှေ သင်္ဘော ၎င်းင်းနှင့်ဆိုင်ရာ လက်နက်စုံပါသော တပ်မတော်ကြီးမျိုး။
(၃) လေတပ်- ကောင်းကင်ပျံ ယာဉ်မျိုးဖြင့် လက်နက်စုံပါသော တပ်မတော်ကြီးမျိုး၊
(၄) ယန္တရားတပ် လူမပါဘဲ စက်ယန္တယားဖြင့်လွှတ်၍ တိုက်သောတပ်မျိုး။
စစ်တပ်စိုးမိုး၊ နည်း ၆-မျိုး၊ ဆင်ရိုးပရိယာယ်။ ။ လောကဗျူဟာကျမ်းမှ စစ်သူကြီးတို့အား ညွှန်ကြားချက် ၆-ပါး။
(၁) စစ်အိပ်- အရပ်အနေ သင့်တင့်စွာ စီမံခန့်ရပ်၍ တပ်မရှိထင်မှားကာ သူ့တပ်လာအောင် ဆိတ်ညံညံပြုထားခြင်း။
(၂) စစ်နှိုး- အရပ်အနေမသင့် စစ်သည်တို့ ညှိုးနွမ်းရှိလျှင် လှန့်ခြောက်တီးမှုတ် ကြွေးကြော် မြူးတူးစေကာစစ်နှိုးရခြင်း။
(၃) စစ်ပျို- စခန်းရှည်ကြာ၍ လက်နက်ရိက္ခာပြတ်သဖြင့် စစ်အိုလျှင် စစ်ရိက္ခာ အသစ်တဖန်ဖြည့်ကာအမြဲ နုပျိုစေရမည်။
(၄) စစ်ရဲ- အရပ်အနေမသင့် စစ်သည်တို့ထိတ်လန့်ရှိလျှင် စိုးရိမ်ကင်းရန်အားပေး၍ စစ်ကိုရဲစေခြင်း။
(၅) စစ်ဆိတ်- တိုက်ခိုက်လုပ်ကြံမည်ရှိလျှင် သူခပ်သိမ်းတို့မသိစေဘဲ ပညာရှိစစ်သူကြီးတို့နှင့်သာ တိုင်ပင်၍ရုတ်တရက် စေလွှတ်တိုက်ခိုက်လုပ်ကြံခြင်း။
(၆) စစ်ရွှင်- ဥစ္စာဆင်မြင်း လူသူလက်ဝယ်ရလျှင် မင်းထိုက်စိုးတန်သာချန်၍ ရသူယူစေခြင်း၊ အောင်ပွဲရတပ်များအား အောင်ပွဲခံဆုတံဆိပ်ပေးကာ ရွှင်ပျော်စေခြင်း။
စစ်တပ်ဖွဲ့နည်း ၉-မျိုး။ ။ ၎င်းင်းဖွဲ့နည်း သရုပ်အမည်များကို (တပ်မတော် ၉-မျိုး)မှာ ကြည့်ပါ။
စစ်ပညာရပ်၊ သင်ယူအပ်၊ အတတ် ၇-ဖြာ။ ။ စစ်ဖက်ဆိုင်ရာအရာရှိကြီးများကို နိုင်ငံကြီးတိုင်း၌ သင်ကြားလေ့လာနေစေသော သေနင်္ဂပညာ ၇-ရပ်ကိုဆိုသည်။
(၁) စစ်ချီ -ရန်သူများအားတိုက်ခိုက်ချေမှုန်းရန် ချီတက်ပုံနည်းမျိုး၊
(၂) တိုက်စစ် -တိုက်ပုံတိုက်နည်းမျိုး၊
(၃) လိုက်စစ်- ဆုတ်ပြေးပြေးသောရန်သူနောက်သို့ လိုက်ပုံနည်းမျိုး၊
(၄) ခံစစ် -ရန်သူလာတိုက်သည်ကို ခုခံတိုက်ခိုက်နည်းမျိုး၊
(၅) ဆုတ်စစ် -စစ်အရေးမလှ၍ ပြန်ဆုတ်ပုံနည်းမျိုး၊
(၆) စစ်ရေး- စစ်ရေးအုပ်ချုပ်ပုံနည်းမျိုးနှင့် အုပ်ချုပ်ပုံပါအစုံ၊
(၇) စစ်အေး- လက်နက်မသုံးဘဲ အခြားနည်းပရိယာယ်များဖြင့် ကိုယ့်ထံညွတ်ရန် ကျင့်သုံးခြင်းမျိုး။
စစ်မက်ဖြစ်ကြောင်း ၁၃-ပါး။ ။ စစ်ဖြစ်ခြင်း၏ အနီးစပ်ဆုံးအကြောင်းများ ၁၃-ပါး။ လောကဗျူဟာကျမ်းမှ။
(၁) နယ်ခြားသတ်မှတ်မှုကြောင့်၊
(၂) မြေအောက် မြေပေါ်ပစ္စည်းလိုချင်မှုကြောင့်၊
(၃) ဆင်ကောင်းမြင်းကောင်းလိုချင်မှုကြောင့်၊
(၄) စက်သုံး လက်နက်လိုချင်မှုကြောင့်၊
(၅) သမီးကညာလိုချင်မှုကြောင့်၊
(၆) ကုန်းတိုက်ဥပါယ်ပြုမှုကြောင့်၊
(၇) သစ္စာ ဖေါက်ပြန်မှုကြောင့်၊
(၈) စေပါးသော ရာဇသံစကားကို အနိမ့်အကျ မသိမှုကြောင့်၊
(၉) လူမျိုးရေး ဘာသာရေးကို ဖျက်ဆီးမှုကြောင့်၊
(၁၀) မင်း အစိုးရတို့ တိုင်းပြည်မစောင့်ရှောက်မှုကြောင့်၊
(၁၁) ဗိုလ်ပါရဲမက် သူရဲခက်တို့မရှိ နည်းပါးမှုကြောင့်၊
(၁၂) ကုန်သည်တို့ လောဘကြီးမှုကြောင့်၊
(၁၃) ရန်ငြိုးဖွဲ့မှုကြောင့်။
စစ်ရှုံးရာသော အကြောင်း ၁၂-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ် သဘောရပ်အားလုံးကို (စစ်အောင်နိုင်ခြင်းအကြောင်း၁၂-ပါး)မှ ပြောင်းပြန်ယူခြင်းဖြင့် သိနိုင်ရာ၏။ မဟာရာဇ၀င်ကြီး ပထမတွဲ၌ကား ဆယ်ပါးဟု သရုပ်နှင့်ပြထား၏။
စစ်သံ ၁၀-မျိုး၊ ခြိမ့်ခြိမ့်တိုး၊ မြေမိုး ပြိုလှုသဲ။ ။ စစ်၏အသံမျိုး ၁၀-ပါးဟူ၏။
၁ ဆင်သံ၊
၂ မြင်းသံ၊
၃ ရထားသံ၊
၎ ဗိုလ်ခြေ စစ်သည်သံ၊
၅ အမြောက် စိန်ပြောင်း ဗုံးသေနတ်သံ၊
၆ တိုက်မောင်းကြီးငယ်သံ၊
၇ တိုက်စည်သံ၊
၈ တံပိုး ခရာသံ၊
၉ မုဒိန်းမရိုးစည်သံ၊
၁၀ စည်ကြီးသံ, ဗင်သံ။
စစ်သားတို့သစ္စာတရား ၄-ပါး။ ။ လောကဗျူဟာကျမ်းမှ။
၁ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတ ကံကို ခံယူရခြင်း၊
၂ သူ့ဇနီးမယား သမီးပျိုများနှင့် သူတစ်ပါးဥစ္စာကို မလွန်ကျူး မလုယူရခြင်း၊
၃ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊
၎ ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း။
စစ်သူကြီးအင်္ဂါ ၉-ပါး။ ။ စစ်သူကြီး ဗိုလ်ချုပ် ဗိုလ်မှူး တပ်မှူး တပ်ကြပ်တို့၌ ထားရှိရမည့်အင်္ဂါ ၉-ပါး ။ ရာဇနီတိ။
(၁) ရန်သူစစ်တပ်ကို နှိမ်နင်းဖျက်ဆီးနိုင်သော ပညာအရည်အချင်းရှိထားရခြင်း။
(၂) စစ်အောင်နိုင်ရေးအတွက် မြေကွက်၊ ကုန်း ကျင်းစသည့် နေရာကောင်းကို ရွေးတတ်ရခြင်း။
(၃) အရေးမသာ တပ်ပျက်မှုရှိသောအခါ စစ်သည်ရဲမက်အားလုံးကို သိမ်းကျုံးကွပ်ကဲ၍ တစ်ဦးတစ်ယောက်ကိုမျှမစွန့်ဘဲ တပ်ဆုတ်လာရခြင်း။
(၄) လက်အောက်ရဲဘော် စစ်သည်တော်များနှင့် ဆင်းရဲချမ်းသာ မျှတစွာကျင့်သုံးရခြင်း။
(၅) စွမ်းပကားနှင့် ခွန်အားဗလ ကြီးများရခြင်း၊ "သူရသတ္တိနှင့် ကာယဗလ"။
(၆) တည်ကြည်ဖြောင့်မတ်သော ကိုယ်ကျင့်တရား ရှိရခြင်း။
(၇) သေနင်္ဂဗျူဟာကျမ်းကို တတ်သိကျေပြွန်ရခြင်း။
(၈) စစ်သည်ငယ်သားတို့ ချမ်းသာရအောင် စီစဉ်တတ်ရခြင်း။
(၉) လုံ့လသတိ အမြဲရှိရခြင်း၊ "၀ီရိယနှင့် အပမာဒ"။
စစ်သူကြီးတို့ အင်္ဂါ ၉-ပါး။ တစ်နည်း။ ။ ဤကား အာစရိယ၀ါဒခေါ် ငါတို့ကျောင်းသားဘ၀ကသင်ကြားခဲ့ရသောနည်းတည်း။ စစ်မြေရပ်၌၊ စိုးကွပ်ခြင်းရာ၊ အင်ကိုးဖြာကား၊ အလိမ်မာကို၊ သူထက်ပို၍၊
၁ ကင်းတို ကင်းရှည်၊
၂ အတည် အရပ်၊
၃ အကပ် အခွာ၊
၎ ဗျူဟာ စက္က၊ သေနင်္ဂနှင့် ပဒုမဗျူဟာ၊
၅ တပ်တာ မြေကတုတ်၊တည်လုပ်ပြင်ငြား၊ စိုက်ထားစူးငြောင့်၊
၆ အစောင့်အနေ၊
၇ အစေအတန်၊
၈ အကြံအတွေး၊ အရေးအရာ၊ အဖြာဖြာကို၊ ပညာသတိ၊
၉ ရဲသည့်စိတ်စွဲ၊ နှလုံးမြဲလျက်၊ ကွပ်ကဲစီရင်၊ စစ်ဘုရင်ဟူ၊ စစ်သူကြီးရာ၊ ခံထိုက်စွာ၏
No comments:
Post a Comment