ကချင်ပြည်နယ် ဟူးကောင်း တာင်ကြား တနိုင်း နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးဒေသတို့မှ ထွက်ရှိသည့် ပယင်းသည် ဈေးကွက်ဝင် လူကြိုက်များပြီး တိုင်းရင်းသား တချို့အပြင် နိုင်ငံခြားသား များကလည်း သွေးလည်ပတ်မှု ကောင်းစေရန် နှင့် ကံကောင်း စေရန် ၄င်း ပယင်းကျောက် များကို အဆောင်ကျောက် အဖြစ် အမြတ်တနိုး ဝတ်ဆင်မှုများ ရှိသည်။
ထို့အပြင် သစ်ပင်၏ အစေးမှ ဖြစ်လာသော ပယင်းထဲသို့ ပယင်းမဖြစ်မီ သစ်စေး အခြေအနေတွင် စေးကပ်သော သဘာဝ ရှိသောကြောင့် ၄င်းသစ်စေး ထဲသို့ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ၏ အစအနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ် နှင့် ပိတုန်း စသော အကောင်ငယ်လေး များသည် ရုန်းထွက်၍ မရတော့ သောကြောင့် ၄င်းသစ်စေးနှင့် အတူ နှစ်သန်း ပေါင်းများစွာ ကြာသောအခါ ပယင်းထဲ၌ ရုပ်ကြွင်းအဖြစ် ပါဝင်သွားတတ် ကြသည်။ ထိုသို့ အကောင်များ၊ သစ်ကိုင်းများ ပါရှိသော ပယင်းသည် တခြား ပယင်းထက် ဈေးပိုမို ရရှိသည်။
ပယင်းသည် ရွှေတွင်း၊ ငွေတွင်း၊ ပယင်းဒုတ္ထာ ဟူသော ရှေးစကားအရ ကျောက်မျက် ရတနာ ကိုးပါးထဲတွင် အပေါ့ပါးဆုံး ဖြစ်ပြီး မာခြင်းအဆင့် ၂ ဒသမ ၅ သာရှိပြီး သိပ်သည်းဆ သည်လည်း ၁ ဒသမ ဝ၇ သာရှိ သောကြောင့် အပူချိန်ကို ခံနိုင်ရည် မရှိဘဲ ပျက်စီးလွယ်ပြီး မီးရှို့လျှင်လည်း အလွယ်တကူ လောင်ကျွမ်း တတ်သည်။ ပယင်းသည် ဆန်းပြား လျှို့ဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ကာ ကမ္ဘာပေါ်တွင် ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံးပြု နိုင်သော တန်းဝင် ရတနာ တစ်ပါးလည်း ဖြစ်သည်။
ပယင်းကျောက်၏ ထူးခြားချက်မှာ တခြားကျောက်များ ကဲ့သို့ အေးစက်သော သဘာဝမရှိဘဲ လူ၏ အရေပြားနှင့် ထိတွေ့ကြည့်ပါက အနည်းငယ် ပူနွေးနေခြင်း ဖြစ်သည်။ ပယင်း၏ အရောင်ဖြစ်သော ဝါရွှေရွှေ အကြည် ရောင်ကြောင့် အရက်၏ အရောင်ကို ပယင်းရောင် ဟုတင်စား ခေါ်ဝေါ်မှု ပြုလုပ်သကဲ့သို့ ပယင်းမှာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ နှင်းဆီရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် အဖြူရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး အဖြစ် ခရမ်းပြာရောင် အထိပါ တွေ့ရှိရ တတ်သည်။
ပယင်းတွင် အစစ်နှင့်အတု ရှိတတ်ပြီး အစစ်၊ အတု ခွဲခြားရာတွင် အလွယ်တကူ စမ်းသပ်ခွဲခြား နိုင်သည်။ ဆားကို အရည်ဖျော် ထားသော ရေခွက်ထဲသို့ ထည့်လိုက် သောအခါ ပယင်းအတုမှာ ဆားဖျော်ရည် ထဲတွင် ပေါ်၍ မနေဘဲ အစစ်သည်သာ ပေါလောပေါ် နိုင်မည် ဖြစ်သည်။ ထိုနည်းဖြင့် ပယင်းအတုနှင့် အစစ် ခွဲခြားမှု ပြုလုပ်နိုင်သည်။ ပယင်းကျောက် များကို အမျိုးသမီးများ အတွက် ငါး၊ ဖား၊ ယုန်ရုပ် တို့ဖြင့် လည်းကောင်း၊ အမျိုးသား များအတွက် ခြင်္သေ့၊ ခွေး၊ နဂါးရုပ် တို့ဖြင့် လည်းကောင်း ထုလုပ်၍ ဝတ်ဆင်မှုများ ပြုလုပ်ကြသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော ပယင်းသည် အရည်အသွေး ကောင်းမွန်ပါက တစ်ကျပ်သားလျှင် ကျပ်တစ်သိန်း အထိ ဈေးရရှိပြီး သစ်ရွက်များ၊ အကောင်များ ပါဝင်သော ပယင်းမှာ ကျပ် တစ်သိန်းထက် ပို၍ ရရှိကာ အကောင်များ ဝင်ရောက် ဖြစ်တည်မှုပေါ် မူတည်၍ ကျပ်သိန်း ၅ဝ အထိ ဈေးများ ရရှိသည်။ ပယင်းကျောက် များကို တရုတ်၊ ထိုင်းနှင့် တိဗက်တို့မှ အများဆုံး ဝယ်ယူမှုရှိသည်။
ထို့ကြောင့် ပယင်းသည် အာနိသင် စွမ်းပကား ကြီးမားသော တန်းဝင် ရတနာတစ်ပါး ဖြစ်သောကြောင့် အများစုမှာ တန်ဖိုးထား ဝတ်ဆင်ကြခြင်း ဖြစ်သည်
No comments:
Post a Comment